၄။ သုံးသပ်ချက်များနှင့် နိဂုံး

နောက်ဆုံးအနေနဲ့ကတော့ ခေတ်နီတိရဲ့ ဒီမိုကရေစီ အမေးအဖြေ ၈၀ တင်ဆက်မှုတွေဟာ ထိရောက်ရဲ့လား ဆိုတာနဲ့ ပတ်သက်လို့ ဆက်လက်သုံးသပ်ဆွေးနွေးပါရစေ။ ခုလို သုံးသပ်ရာမှာ OECD လို့ခေါ်တဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ကျင့်သုံးနေတဲ့ လုပ်ငန်းစဉ် အရည်အသွေး အကဲဖြတ်မှုလမ်းညွှန်ချက်ပါ စံနှုန်းတွေက ထောင့်စေ့ပါတယ်။

တိုင်းတာမှု ရှုထောင့်ငါးခု ရှိပါတယ်။ (က) ဆီလျော်မှု၊ (ခ) ထိရောက်မှု၊ (ဂ) သက်သာမှု၊ (ဃ) သက်ရောက်မှု၊ (င) အရှည်တည်တံ့မှု တို့ပဲ ဖြစ်ပါတယ်။

(က) ဆီလျော်မှု

မြန်မာနိုင်ငံမှာ ပြည်သူ့နီတိနဲ့ ဒီမိုကရေစီ အကြောင်းတို့ကို သင်ကြားလေ့လာခွင့် မရခဲ့တဲ့ ကာလကြီးတစ်ခု ရှိခဲ့တာ အားလုံးအသိပါ။

ယနေ့ခေတ် ၁၈ နှစ်ကနေ ၄၄ နှစ်ကြား မျိုးဆက်ဟာ ဒီမိုကရေစီဆိုင်ရာ အသိအမြင်တွေကို လက်လှမ်းမီဖို့ဝေးခဲ့တဲ့အပြင် တင်းကြပ်တဲ့ စာပေစိစစ်ရေးရဲ့ ကြီးစိုးခဲ့တဲ့ ကာလတွေနဲ့အတူ အာဏာရှင်စနစ် ဖိနှိပ်မှု အပြင်းထန်ဆုံး ခေတ်ထဲမှာ မွေးဖွားကြီးပြင်းခဲ့ရတာပါ။

ခေတ်နီတိရဲ့ နားလည်ထားမှုအရ အဲဒီခေတ်ကာလထဲမှာ မွေးဖွားကြီးပြင်းခဲ့ရသူတွေဟာ ယခုအခါ အရွယ်ရောက်ပြီးဖြစ်ကြပါပြီ။ မဲပေးခွင့် ရှိနေကြပါပြီ။ လူမှုကွန်ရက်ပေါ်မှာ နိုင်ငံရေးဆိုင်ရာ အကြောင်းအရာ အရေးအသားတွေနဲ့ ထိတွေ့နေရပါပြီ။ မှန်ကန်တဲ့ သိမြင်နားလည်မှုနဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ ဒီမိုကရေစီအကြောင်း လေ့လာသင်ယူနိုင်ဖို့ လိုပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ ၅၄ သန်းရှိတဲ့အနက် ၂၅ သန်း (ထက်ဝက်နီးပါး)ဟာ Facebook လူမှုကွန်ရက်ကို အသုံးပြုနေကြပါတယ်။ အသက် ၁၈ နှစ်ကနေ ၄၄ နှစ်ကြား Facebook အသုံးပြုသူက ၂၂ သန်းခန့်ရှိပါတယ်။ ဒီအသက်အရွယ် အပိုင်းအခြားမှာရှိတဲ့ မျိုးဆက်ကို ခေတ်နီတိက အဓိကဦးတည်ပရိသတ်အဖြစ် သတ်မှတ်ထားတာကြောင့် Facebook လူမှုကွန်ရက်ပေါ်မှာ ဒီမိုကရေစီနဲ့ ပြည်သူ့နီတိ အသိပညာတွေ မျှဝေတာဟာ ဆီလျော်မှုရှိတယ်ဆိုတာ သိသာထင်ရှားပါတယ်။

(ခ) ထိရောက်မှု

ခေတ်နီတိရဲ့ ရည်ရွယ်ချက်ကတော့ ဒီမိုကရေစီနဲ့ နိုင်ငံသားတို့ သိသင့်သိအပ်တဲ့ အကြောင်းအရာများကို တက်တက်ကြွကြွ လေ့လာသင်ယူတာတွေ၊ ဆွေးနွေးငြင်းခုံတာတွေ တိုးပွားလာစေဖို့ပဲ ဖြစ်ပါတယ်။ အဲဒီ ရည်ရွယ်ချက်အတိုင်း ထိရောက်ခဲ့သလားလို့ မေးရင်တော့ အထက်မှာ တင်ပြအစီရင်ခံခဲ့တဲ့ ကိန်းဂဏန်းအချက်အလက်တွေနဲ့ သိသာပါပြီ။

တင်ဆက်မှု ၈၀ လုံးအတွက် စုစုပေါင်းပြန့်နှံ့ရောက်ရှိမှု ၃,၉၀၉,၉၂၁ ခုရှိခဲ့ပြီး၊ စုစုပေါင်းတုံ့ပြန်ပါဝင်မှု ၂၇၉,၂၈၄ ရှိခဲ့ပါတယ်။ ဒါ့ကြောင့် တင်ဆက်မှုတစ်ခုချင်းစီဟာ ပျမ်းမျှ ပြန့်နှံ့ရောက်ရှိမှု ၄၈,၈၇၅ ခုရှိခဲ့ပြီး၊ ပျမ်းမျှတုံ့ပြန်ပါဝင်မှု ၃,၄၉၁ ရှိခဲ့ပါတယ်။

တစ်နှစ်ကျော်ကာလတစ်လျှောက် အခန်းဆက်ဖတ်ရှုခဲ့ကြတဲ့ ပရိသတ်တွေ ရရှိခဲ့တာကလည်း ထိရောက်မှုရဲ့ သက်သေသာဓက တစ်ခု ဖြစ်ခဲ့ပါတယ်။

(ဂ) သက်သာမှု

အချိန်၊ ငွေကြေးနဲ့ အားစိုက်ထုတ်မှုဟာ ဘယ်ကိစ္စမှာမဆို ကျခံသုံးစွဲရလေ့ ရှိပါတယ်။ ဒီမိုကရေစီ အမေးအဖြေ ၈၀ တင်ဆက်မှုတွေမှာ Facebook အသုံးပြုသူတွေဟာ အင်တာနက် အသုံးပြုမှုကြီးကြီးမားမား မလိုအပ်ဘဲ မိနစ်အနည်းငယ် သုံးစွဲသွားရုံပါပဲ။

ခေတ်နီတိအနေနဲ့လည်း တင်ဆက်မှု ၈၀ မှာ ပြန့်နှံ့ရောက်ရှိမှု စုစုပေါင်း ၃,၉၀၉,၉၂၁ အတွက် ငွေကြေး ၁,၁၂၀,၀၀၀ ကျပ် ကျသင့်တဲ့အတွက် ပြန့်နှံ့ရောက်ရှိမှု တစ်ခုအတွက် ၃ ကျပ်ခွဲပဲ သုံးစွဲရတဲ့ သဘောပါ။ ဒါ့အပြင် တကယ်ဖတ်ရှုမယ့် တုံ့ပြန်ပါဝင်မယ့်သူ တစ်ဦးဆီ ရောက်ရှိဖို့ဆိုရင် ၄၉ ကျပ်ပဲ ကျသင့်တဲ့အတွက် မိတ္တူကူးခတောင် မရှိတဲ့ သဘောပါပဲ။ ဒါ့အပြင် ယူနက်စကိုအဖွဲ့က ထုတ်ဝေထားတဲ့ ဒီမိုကရေစီ မိတ်ဆက်စာအုပ်ကို အခြေခံပြီး ပရိသတ် ဖတ်ရှုဖွယ်ကူမယ့် အရေးအသားနဲ့ အဖွဲ့အစည်းတွင်း/ပြည်တွင်းရှိနေတဲ့ ကျွမ်းကျင်တတ်မြောက်မှုနဲ့ စေတနာ့ဝန်ထမ်း ပါဝင်မှုတွေကို အပြည့်အဝ အသုံးပြုနိုင်ခဲ့တာဟာလည်း အားစိုက်ထုတ်မှုအရ သက်သာတယ်ဆိုတာ သေချာပါတယ်။

(ဃ) သက်ရောက်မှု

နိုင်ငံသားတွေဟာ ဒီမိုကရေစီနဲ့ နိုင်ငံရေးဆိုင်ရာ အသိအမြင်တွေ ကြီးမားလာရင် ပိုပြီး သဟဇာတဖြစ်တဲ့၊ ငြိမ်းချမ်းတဲ့ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း ဖြစ်လာမယ်လို့ ရည်ရွယ်ချက်ထားရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးနဲ့၊ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အသိအမြင် များပြားလာတာနဲ့အမျှ နိုင်ငံရေးအရ လမ်းလွှဲပြီး ပဋိပက္ခဆီ ဦးတည်နိုင်တဲ့ စကားတွေကို အပြုသဘောဆောင်ပြီး တုံ့ပြန်လာကြမယ်လို့ ခေတ်နီတိရဲ့ ကြိုတင်ယူဆထားလို့ပါ။

ဒီမိုကရေစီ အမေးအဖြေ ၈၀ တင်ဆက်မှုတွေရဲ့ အစောပိုင်းမှာ သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းကို ထိခိုက်လာနိုင်တဲ့၊ ဦးတည်ချက် လွဲချော်စေတဲ့ မှတ်ချက်တွေကို ခေတ်နီတိက အကျိုးအကြောင်းတကျ ပြန်လည်ဖြေရှင်းပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အလားတူမှတ်ချက်မျိုးတွေကို ခေတ်နီတိက ပြန်လည်ဖြေရှင်းဖို့ မလိုတော့သလောက် ဖြစ်လာပြီး စာဖတ်သူများကပဲ တက်တက်ကြွကြွ အချက်အလက်ကျကျ ပြန်လည်ဆွေးနွေးဖြေရှင်းတာတွေ တွေ့လာရပါတယ်။

တချို့အခြေအနေတွေမှာတော့ တက်ကြွထက်သန်တဲ့ စာဖတ်ပရိသတ်တွေဟာ ဦးတည်ချက် လွဲချော်စေတဲ့ မှတ်ချက်တချို့ကို ဥပေက္ခာပြုထားပြီး တင်ဆက်မှုနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကိုပဲ မိမိတို့ အမြင်ရှုထောင့်များကနေ ပြန်လည် ဆွေးနွေးကြတာကြောင့် ယုတ္တိမကျတဲ့၊ သွေးထိုးလှုံ့ဆော်တဲ့ စကားတွေနဲ့ မှတ်ချက်ပေးသူတွေ နည်းပါးသွားတာကို တွေ့ရပါတယ်။

ဒါ့အပြင် မှတ်ချက်တွေမှာ ခေတ်နီတိရဲ့ ဒီမိုကရေစီ အမေးအဖြေ ၈၀ ကို တစ်စုတစ်စည်းတည်း စာအုပ်အဖြစ် ပြန်လည်ထုတ်ဝေဖို့ တိုက်တွန်းကြတာ ဆန္ဒပြုကြတာတွေကိုလည်း ကြားသိ တွေ့မြင်ရပါတယ်။

(င) အရှည်တည်တံ့မှု

ဒီမိုကရေစီ အမေး အဖြေ ၈၀ ကို လွယ်ကူစွာ ဖတ်ရှုလေ့လာကြတဲ့ အချို့သော စာဖတ်သူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် အကောင့်တွေနဲ့ စာမျက်နှာတွေ၊ အဖွဲ့တွေထဲမှာ ပြန်လည်ကူးယူ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။ အချို့ကူးယူဖော်ပြမှုတွေဟာ အပတ်စဉ်စကားဝိုင်း၊ စာဖတ်ဝိုင်းတွေအတွက် ရည်ရွယ်ကြောင်း၊ သင်ကြားရေး အထောက်အကူပြု ဖတ်စာအဖြစ် အသုံးပြုဖို့ ရည်ရွယ်ကြောင်း တွေ့ရှိရပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီ အမေး အဖြေ ၈၀ ရဲ့ အပိုင်းကြီးတစ်ပိုင်းချင်းစီအတွက် လင့်ခ်တွေ စုစည်းဝေးမျှထားတာ ရှိသလို၊ တင်ဆက်မှု ၈၀ လုံးကိုလည်း အယ်လ်ဘမ် တစ်ခုတည်းအတွင်းမှာ စုစည်းပေးထားခဲ့ပါတယ်။

တင်ဆက်မှုပြုလုပ်ခဲ့တဲ့ တစ်နှစ်ကျော်ကာလရဲ့ နောက်ပိုင်း ဘယ်တော့မဆို၊ ဘယ်သူမဆို နှစ်သက်ရာအချိန်မှာ ပြန်လည်ဖတ်ရှုနိုင်ကြမှာပါ။

နိဂုံး

မြန်မာနိုင်ငံသားများအတွက် နိုင်ငံသားတို့ သိနားလည်အပ်တဲ့ ပြည်သူ့နီတိ၊ ဒီမိုကရေစီ အသိပညာတွေကို ဖြန့်ချိနိုင်ဖို့ ကြိုးပမ်းလျက်ရှိတဲ့ အဖွဲ့အစည်းများစွာ ရှိပါတယ်။ မတူညီတဲ့ ချဉ်းကပ်မှုပုံစံတွေနဲ့ များပြားတဲ့ သင်ရိုးညွှန်းတမ်းတွေကို ပြုစုလျက်ရှိတာ တွေ့ရပါတယ်။

ဒီလို ကြိုးပမ်းအားထုတ်မှုများစွာဟာ (က) ဆီလျော်မှု၊ (ခ) ထိရောက်မှု၊ (ဂ) သက်သာမှု၊ (ဃ) သက်ရောက်မှု၊ (င) အရှည်တည်တံ့မှု တို့နဲ့ ပြည့်စုံလေ နိုင်ငံသားများအကြား ကျယ်ကျယ်ပြန့်ပြန့်နဲ့ အကြားအလပ်မရှိ အလွယ်တကူ လက်လှမ်းမီနိုင်ကြမှာ ဖြစ်ပါတယ်။

အကြောင်းအရာသစ်များကို စုံလင်တဲ့ ဦးတည်ပရိသတ်များဆီ ပေးပို့နိုင်ဖို့ဟာ ပြည်သူ့နီတိနဲ့ နိုင်ငံသားအသိပညာပေး လုပ်ငန်းများအားလုံး ရင်ဆိုင်ဖြတ်ကျော်ကြရမယ့် စိန်ခေါ်မှုတစ်ခုပဲ ဖြစ်ပါတယ်။

ဒီမိုကရေစီနဲ့ နိုင်ငံသားအသိပညာပေး အစီအစဉ်ကောင်း အစီအစဉ်သစ်တွေကို ဆက်လက်တင်ဆက်နိုင်ဖို့ဆိုရင် ခေတ်နီတိအပါအဝင် နိုင်ငံသားအသိပညာ၊ ဒီမိုကရေစီနဲ့ ပြည်သူ့နီတိ အသိပညာဖြန့်ချိရေး ကြိုးပမ်းလျက်ရှိသော လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ အဖွဲ့အစည်းများက များစွာဆက်လက်ကြိုးပမ်းကြဖို့ လိုအပ်ဦးမှာ ဖြစ်ပါတယ်။

ခေတ်နီတိရဲ့ ဒီမိုကရေစီ အမေးအဖြေ ၈၀ အစီအစဉ်ပါ အကြောင်းအရာများနဲ့ စပ်လျဉ်းလို့...

မတူညီတဲ့ ပရိသတ်အမျိုးအစား အလွှာများ (ဥပမာ - နိုင်ငံရေးပါတီများ၊ စေတနာ့ဝန်ထမ်း ပြည်သူ့နီတိ သင်ကြားသူများ၊ မသန်စွမ်းသူများ စသဖြင့်) အတွက် အထောက်အကူပြုနိုင်မယ့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ပြီး ဆောင်ရွက်သွားဖို့၊

ပိုမိုများပြားတဲ့ ပရိသတ်အတွက် ဒီမိုကရေစီ၊ ပြည်သူ့နီတိနဲ့ နိုင်ငံသားအသိပညာ လေ့လာမှုတွေ မြှင့်တင်နိုင်ဖို့အတွက် ကျွမ်းကျင်သူ လူသားရင်းမြစ်များရဲ့ ထည့်ဝင်မှုတွေ၊ ငွေကြေးရင်းမြစ်တွေကို ယခုလက်ရှိထက် ပိုမိုရှာဖွေ အသုံးပြုနိုင်ဖို့နဲ့

လက်ရှိအတွေ့အကြုံနဲ့ နည်းနာကောင်းများကို အခြေခံပြီး နောက်ထပ် အကြောင်းအရာသစ်များကို တင်ဆက်ဖို့နဲ့ ပိုမို ထိရောက်ကောင်းမွန်တဲ့ နည်းပညာ ပလက်ဖောင်းများကို ရှာဖွေစမ်းသပ် တိုးချဲ့အသုံးပြုသွားဖို့

လိုအပ်ကြောင်း တိုက်တွန်းအကြံပြုရင်း နိဂုံးချုပ်လိုက်ရပါတယ်။

Last updated